သဲအင်း
ဇွဲတင်း
အမြဲလင်း


Announcement

Donate
Contact

Biography Of Master

Home Biography of Master

အရှင်ဦးဥက္ကဌ

ကျေးဇူးတော်ရှင်မူလသဲအင်းဂူဆရာတော်
မွေးဖွားသန့်စင်ခြင်းနှင့် ငယ်စဥ်ဘဝ

သဲအင်းဂူဆရာတော် အလောင်းအလျာ မောင်အောင်ထွန်းအား မှော်ဘီမြို့နယ် နှောကုန်းကျေးရွာနေ၊ (အညာသား) ဓါတ်ဗိန္ဓောဆရာ ဦးသော်တာနှင့် အညာဇာတိနှောကုန်းသူဒေါ်မယ်အံ့တို့မှ ၁၂၇၄ ခုနှစ် တပေါင်းလဆန်း၁၀ရက်(တနင်္ဂနွေနေ့) ခရစ်သက္ကရာဇ် ၁၉၁၃ခုနှစ် မတ်လ(၁၆)ရက်နေ့ နံနက်၈နာရီခန့်အချိန်တွင် နှောကုန်းကျေးရွာ၌ မီးရှူးသန့်စင်ဖွားမြင်တော်မူသည်။

မှော်ဘီမြို့နှင့် (၅)မိုင် ကျော်ကွာဝေးသော နှောကုန်းကျေးရွာတွင် မွေးဖွား ကြီးပြင်းလာခဲ့သော မောင်အောင်ထွန်းမှာ နီးစပ်ရာ ဘုန်းတော်ကြီးကျောင်း၌သာ ပညာသင်ကြားရန် မိဘနှစ်ပါးမှ အပ်နှံပေးခဲ့သော်လည်း မောင်အောင်ထွန်းအနေဖြင့် ကောင်းစွာစာမသင်။ လစ်လျှင်လစ်သလို ကျောင်းပြေးတတ်ပါသည်။ မကြာခဏကျောင်းပြေးတတ်သော မောင်အောင်ထွန်းအားရွာမှ ကာလသား များက အလကားမထားပါ။ တွေ့သောနေရာတွင် ၄င်းတို့အတွက် လိုအပ်သော ကိစ္စ များကိုမောင်အောင်ထွန်းအားချော့မြူ၍ရင်းနှီးစွာခိုင်းပါတော့သည်။ မောင်အောင်ထွန်း ကလည်းသွက်လက်စွာပင် ခိုင်းသမျှလုပ်ပေးတတ်ပါသည်။ ရွာထဲတွင်ရှိသော ဘုံဆိုင် များမှာ မောင်အောင်ထွန်းမသိသော ဘုံဆိုင်မရှိတော့ပါ။ မိဘများမှကျောင်းသွားရန် မုန့်ဖိုးပေးသမျှရွာထဲရှိကာလသားများနှင့်ဆေးလိပ်သောက်ခြင်း၊ ထန်းရည်သောက်ခြင်းများဖြင့်အချိန်ကုန်ခဲ့ပါသည်။ မောင်အောင်ထွန်းအား အချိန်ကာလကြာလာသည့်နှင့် အမျှ မိဘများ ရိပ်စားမိလာပြီး နောက်ဆုံးလက်လျှော ထားလိုက်ကြပါသည်။ ထို့ကြောင့်မောင်အောင်ထွန်းအနေဖြင့် စာပေနှင့်ပတ်သက်လာလျှင် စာလုံး ပေါင်းများပင်မှန်ကန်အောင်မပေါင်းနိုင်တော့သောအခြေအနေသို့ရောက်ရှိလာပါသည်။ သို့သော် တောရွာ ဓလေ့ထုံးစံအတိုင်း စပါးရိတ်သိမ်းပြီး သည့်အခါမှစ၍ ပြေးခုန်ပြိုင်ပွဲအမျိုးမျိုး၊ အနုပညာ ပျော်ပွဲရွှင်ပွဲများတွင်လည်း ထူးချွန်စွာ -ရှေ့တန်းက ပါဝင် အောင်မြင်ခဲ့သည့်အပြင် ရပ်ရွာသာရေး၊ နာရေး ကိစ္စများတွင်လည်း သဒ္ဓါ ထက်သန်စွာ အင်တိုက်အားတိုက် ဝေယျာဝစ္စများကို ဦးစီးဆောင်ရွက်လေ့ရှိတတ် သောကြောင့် တောရွာသူတောရွာသားအားလုံး ချစ်ခင်လေးစားယုံကြည်ကြပါသည်။

ဖြတ်ထိုးဉာဏ်

ကျေးရွာအချင်းချင်း အပြေးပြိုင်ပွဲများပြုလုပ်ရာ၌ ပြိုင်ဘက်ချင်းခြေရည်တူ ဖြစ်လျှင် မောင်အောင်ထွန်းမှာဉာဏ်လွှာသုံးတတ်သောကြောင့် မောင်အောင်ထွန်းမှာ အဆင့်သာနေတတ်ပါသည်။ တစ်နေ့သောအခါ အပြေးပြိုင်ပွဲတစ်ခုဖြစ်ခဲ့ရာ ကျေးရွာအုပ်စုမှ ကရင် အမျိုးသား မောင်ဂိဆိုသူနှင့် မောင်အောင်ထွန်းတို့ နှစ်ဦးအား ရွာလူကြီးများက ပြိုင်ပွဲသို့ယှဉ်ပြိုင်ရန် ရွေးချယ်လိုက်ပါသည်။ မောင်ဂိဆိုသူ ကရင်အမျိုးသားမှာ အနီး ပတ်ဝန်းကျင် တဝိုက်တွင် နာမည်ရှိသော အပြေးသမားတစ်ယောက် ဖြစ်ပါသည်။ မောင်အောင်ထွန်းကလည်းခေသူမဟုတ်၊ တက်ကြွဇွဲသန်သော အပြေးသမားကောင်း တစ်ယောက်အဖြစ်ရွာမှ အထင်ကြီးပြီးသား ဖြစ်ပါသည်။ ထိုပြိုင်ပွဲသို့ အနီးအနား ပတ်ဝန်းကျင်မှ ရွာသူရွာသားများမှလည်း ပြိုင်ပွဲဝင်မည့် သူများ၏ အကြောင်းကို ကြိုတင်သိထားသည့်အတိုင်းပင် သူ့ထက်ငါ လှည်းပေါင်၊ လှေပေါင်း၊ ပစ္စည်းများကို ပေါင်နှံကြပြီး၊သူ့ဘက်၊ ကိုယ့်ဘက်လောင်းကြေးကြီးစွာဖြင့် လောင်းကစားကြပါသည်။ ကျေးလက်တောရွာ အပြေးပြိုင်ပွဲများသည် အများအားဖြင့် အင်္ဂလိပ် လက်ထက် ကျောင်းသူကျောင်းသားများ အပြေးပြိုင်ပွဲကဲ့သို့မဟုတ်ပါ။ သေနတ်ပစ် ဖေါက်ခြင်းမရှိသောတောသဘာဝတွင် နှစ်ယောက်ချင်းအပြေးပြိုင်ကြရာ၌ တစ်ဦးနှင့် တစ်ဦးမျက်စိခြင်းနှစ်ခါသို့မဟုတ်သုံးခါကြည့်ပြီး သဘောတူလျှင်တာထွက်ကြပါသည်။

ကျေးရွာစည်းကမ်းအရတစ်ဦးမကျေနပ်၍တောမထွက်လျှင် ခပ်လှမ်းလှမ်းမှဒိုင်လူကြီး လုပ်သူကအလံပြခဲ့လျှင်ပြိုင်ပွဲကိုပြန်လည်စတင်ရပါသည်။ပြိုင်ပွဲစတင်ပါပြီ။အနီးအနားမှ လူအုပ်ကြီးများကလည်း အားပေးသောအသံများ၊ ပျော်ရွှင်စွာအော်ဟစ်ကြသောအသံ များ ကွင်းလယ်တဝိုက် ဆူညံနေကြပါသည်။ မောင်အောင်ထွန်းမှာ မိမိ၏ပြိုင်ဘက် မောင်ဂီအကြောင်းအား ကြိုတင် သိထားသည့် အတွက် မောင်ဂိ ဒူးနှစ်ခါ ညွတ်၍ မျက်စီချင်းနှစ်ခါဆုံပြီး တတိယအကြိမ် ဒူးညွတ်တော့မည့်ဆဲဆဲ စက္ကန့်ပိုင်းအလို မောင်အောင်ထွန်းက တစ်လှမ်းဦးပြီး တောထွက်ခဲ့ရာ ယှဉ်ပြိုင်သည့် မောင်ဂိ ခြေ တစ်လှမ်း နောက်ကျခဲ့ပါသည်။ သို့သော် မောင်ဂိမှာ အပြေးသန်သောကြောင့် ပန်းတိုင်သို့အတူ ဝင်ရောက် လာပါသည်။ ဝါးလုံးတိုင်ထဲတွင် စွပ်ထားသောကြိမ်လုံး (တောရွာအခေါ် ပန်း)အား ပြိုင်တူလှမ်းယူလိုက်သောအခါမောင်အောင်ထွန်းကလျှင်မြန်စွာကြိမ်လုံးကို ဆောင့်ပြီး ဆွဲယူလိုက်ပါသည်။ ကြိမ်လုံးကိုမောင်ဂိလက်ထဲတွင်ကိုင်မိသော်လဲ မိမိရရ ဆွဲယူ၍ မရတော့ပါ။ မောင်အောင်ထွန်းအနေဖြင့် ကြိမ်လုံးကိုလက်ထဲတွင် မိမိရရဆုပ်ကိုင် မိသောကြောင့် အဆိုပါပြိုင်ပွဲတွင်အနိုင်ရရှိသွားပါသည်။ တနည်းအားဖြင့် လူငယ်ခြင်း ပန်းဝင်ခြင်း တူညီသော်လည်း ဉာဏ်အရာတွင် မောင်ဂိ ထက်သာလွန်သောကြောင့် ဤပွဲတွင် မောင်အောင်ထွန်းက အနိုင်ရရှိခြင်းလည်းဖြစ်ပါသည်။ ဤကားငယ်စဉ်ဘဝ သူ့ဗီဇ သာဓက သိထားဖွယ်ရာ ပဏာမဖြစ်ပါသည်။ ကျေးရွာမှာရှိကြသော လူကြီး၊ လူငယ်များအားလုံး မောင်အောင်ထွန်းထံ သို့ဝမ်းသာအားရ ပြေးလာကြပါသည်။ တစ်ရွာလုံးအတွက် အနိုင်ရရှိရန် ကြိုးစား ဆောင်ရွက်လိုက်သောမောင်အောင်ထွန်းမှာ ရွာထဲသို့အဝင် မျက်နှာပွင့်လန်းရွှင်လန်း နေပါသည်။ ဆီးကြိုနှုတ်ဆက်ကြသော လုံမငယ်များကြားတွင် အထူးပျော်ရွှင်နေသော မောင်အောင်ထွန်း။ ယခုဆက်လက်၍ သူရသတ္တိအရာ၌လည်း မိမိထက်များစွာ အသက်အရွယ် ကြီးသည်သာမကတစ်ရွာလုံးကကြောက်ရွံ့နေခဲ့ရသည့် (အမည်မဖေါ်လိုပါလူမိုက်အား ယှဉ်ပြိုင်ခဲ့ပုံကို အနည်းငယ်ဖော်ပြပါမည်။ ဤသို့ရေးသားဖော်ပြနေရခြင်းမှာ လူတစ်ဦး တစ်ယောက်သည်မွေးရာပါဇာတိဉာဏ်လည်းရှိ' သတ္တိလည်းရှိခဲ့သော်မကောင်းမှုပြုလျှင် အောင်မြင်နိုင်သကဲ့သို့ကောင်းမှုပြုသောအခါများ၌လည်း အောင်မြင်စေနိုင်သည့် မူလ အခြေခံစွမ်းအင်ဖြစ်ကြောင်းထိုက်သင့်သည်အားလျော်စွာဖော်ပြနေရခြင်းဖြစ်ပါသည်။

အနိုင်အမခံ

ဒုတိယကမ္ဘာစစ်ကြီး မဖြစ်မီ မြို့ကြီးပြကြီးများ အတွင်းတွင် လည်းကောင်း၊ ကျေးလက်တောရွာများတွင်လည်းကောင်းမိုက်ကြေးခွဲစားသောသူများရှိပါသည်။ရန်ကုန် အရှေ့ပိုင်းတွင်ကျွန်းပြန်ငမိုး၊အလယ်ပိုင်းတွင်ကုလားသူဌေးမတ်စကီး၊ရန်ကုန်အနောက် ပိုင်းတွင်လမ်းမတော်ဘိုးတုတ်နှင့်ပုဏ္ဏားဘကွန်း၊ ရေကျော်/ကန်တော်ကလေးဖက်တွင် ကျောက်ပေါက်မ၊ မှန်စီလူလေးစသည့် လူမိုက်များအား မယှဉ်ရဲကြပါ။ ထိုခေတ်တွင် တစ်ရပ်ထဲနေ တစ်ရေထဲသောက်က ရွံ့ကြောက်ကြောက်နေကြပါသည်။ ထိုအချိန်ကာလ၌ နှောကုန်းကျေးရွာတွင်လည်း ရိုးသားသောတောသူ၊ လယ်သမားများနှင့်လက်လုပ်လက်စားများအား ခေါင်းပုံဖြတ်ပိုက်ကြေးခွဲစားသူလူမိုက် တစ်ဦး(အမည်မဖော်လိုပါ)ရှိခဲ့ပါသည်။ ၄င်းလူမိုက်သည်တစ်ရွာတည်းနေ၊တစ်ရေတည်း သောက်သူ အချင်းချင်းထံမှငွေလိုလျှင် ငွေတောင်းခံတတ်ပါသည်။ နေ့မရွေး၊ညမရွေး ၄င်းတက်စားချင်သော အိမ်များသို့ တက်စားတတ်သောကြောင့် ထိုလူမိုက်ကြီးကို ကြောက်အားပို၍ ရှေ့တွင်သာလျှင် ကောင်းမွန်အောင်ပြောဆိုဆက်ဆံကြသော်လည်း နောက်ကွယ်တွင် ၄င်းအားမကျေနပ်သောသူများပါသည်။

ထိုလူမိုက်၏ဒဏ်ကို မောင်အောင်ထွန်း၏မိဘများဖြစ်ကြသောဦသော်တာနှင့် ဒေါ်မယ်အံ့တို့မှာပို၍အခံရဆုံးပင်ဖြစ်ပါသည်။ မောင်အောင်ထွန်းမှာလည်း မကြာခဏ ဝင်ရောက်စားသောက်ဗိုလ်ကျတတ်သော ထိုလူမိုက်အားကြည့်မရတော့။ တစ်နေ့တွင် ထိုလူမိုက်ကမောင်အောင်ထွန်းတို့အိမ်အပေါ် အတက် မောင်အောင်ထွန်းမှထိုလူမိုက် အား မျက်နှာတည့်တည့်သို့ ထင်းစနှင့်ရိုက်ထည့်လိုက်ပါသည်။ ထိုလူမိုက်ကလည်း ကြေးစားလူမိုက်ပီပီအရှောင်ကောင်းသောကြောင့် ဒဏ်ရာကြီးကျယ်စွာမရခဲ့ပါ။ ရှက် စိတ်မွှန်ကာမောင်အောင်ထွန်းကိုလိုက်၍ အမိဖမ်းပြီးလက်လွန်ခြေလွန်ပြုလုပ်မည့်စဲစဲ တွင် ဘေးလူများကဝိုင်းဆွဲထားသောကြောင့် မောင်အောင်ထွန်းသက်သာရာ ရသွား ပါသည်။ သို့သော်တစ်ရွာလုံးမှမော်မကြည့်ရဲသည့် ထိုလူမိုက်အားမိမိရရ ခံတွယ်လိုက် သည့် မောင်အောင်ထွန်း၏ သတ္တိအား တစ်ရွာလုံးလေးစားသွားကြပါသည်။

အိမ်ထောင်ဦးမင်္ဂလာနှင့် ဘဝသံသရာ

နှောကုန်းကျေးရွာတွင် လူငယ်ဘဝကာလသားများဖြစ်ကြသော အေးမောင် အောင်ရင်၊အောင်ထွန်းသူငယ်ချင်သုံးယောက်တို့သည် ကျေးရွာအတွင်းစိတ်တူ၊ကိုယ်တူ ပေါင်းသင်းကြသောသူငယ်ချင်းသုံးယောက်ဖြစ်ကြပါသည်။ ကြက်တိုက်၊ဖဲရိုက်အတူတူ ပင်။ အေးမောင်၊အောင်ရင်တို့မှာငွေကြေးချောင်လည်သောမိသားစုများဖြစ်ကြပါသည်။ ငွေကြေးချောင်လည်သော်လည်းအေးမောင်နှင့်အောင်ရင်တို့၏ သုံးဖြုန်းမှုဒဏ်ကို ခံ နိုင်သည့်အဆုံး မိဘများ၏ဝတ္တရားအရ သားသမီးများအား ငွေကြေးနှင့်ပတ်သက်၍ ကြပ်တည်းစွာ ထိန်းချုပ်ထားခဲ့ပါသည်။ အေးမောင်နှင့်အောင်ရင်တို့မှာယခင်ကဲ့သို့မိဘ များထံမှ ငွေကြေးမရရှိသောအခါ လူငယ်သုံးဖြုန်းရန် ငွေရပေါက်ရလမ်းရှာကြံရန် အောင်ထွန်းအားအားကိုးအားထားပြုခဲ့ကြပါသည်။ ၄င်းတို့အားကိုးမည်ဆိုလျှင်လည်း အားကိုးလောက်ပါသည်။ အောင်ထွန်းမှာငယ်စဉ်ကာလမှာပင် ရွာကာလသားများ၏ ခိုင်းစေမှုကြောင့် နွားပြန်ပေးနှင့် အရက်ပုံးဒုစရိုက်မှု လုပ်ငန်းများအား အရွယ်နှင့် မလိုက်အောင် ကောင်းစွာ နားလည်ခဲ့ပါသည်။

ထိုသို့သောအကြောင်းတရားများဖြစ်ပေါ် နေချိန်မှာပင် မောင်အောင်ထွန်းမှာ ယခင်အပြေးပြိုင်ပွဲတွင်လက်ခုပ်သံမစဲအားပေးကူညီပြီး အပြုံးပန်းများစွာဖြင့် ကြိုဆို ခဲ့သော နှောကုန်းရွာသူမဖွားညွန့်နှင့်ဖူးစာဆုံကြပါလေတော့သည်။ လင်ယောက်ျား၏ ဝတ္တရားအတိုင်းပင် မယားကျွေးမှု၊ သားကျွေးမှုကို ရှာဖွေရတော့မည့်အချိန်တွင် မိမိ သိနားလည် ကျွမ်းကျင်သော လုပ်ငန်းကိုသာ မောင်အောင်ထွန်းရွေးချယ်ရပါသည်။ တနည်းအားဖြင့်အမှောင်လောကသို့“ငါဝမ်းပူစာမနေသာ”ဆိုသည့်အတိုင်းဝင်ရောက် ရန်အကြောင်းဖန်လာပါတော့သည်။ လူငယ်တို့သဘာဝကာလသားမိတ်ဆွေ အပေါင်း အသင်းသံယောဇဉ်ကိုအလွန်ပင်ခင်မင်တတ်သော မောင်အောင်ထွန်းမှာ သမီးဦးအား မျက်နှာမြင်ပြီးသောအခါ နောက်ထပ်သံယောဇဉ်တစ်ချောင်းချည်နှောင်ခြင်း ခံရပြန်ပါ သည်။ ရရှိလာသောသမီးဦးကလေးအား ယုယပိုက်ထွေးချစ်မဝအောင် ဖြစ်နေသည့် အချိန်တွင်အလုပ်လက်မဲ့ဖြစ်နေသေးသော အောင်ထွန်းအနေနှင့်မိဘများ၊ ယောက္ခမ များ၏မျက်နှာကို ကြည့်ရသည်မှာ အောင်ထွန်းစိတ်ထဲတွင် တစ်မျိုးဖြစ်နေပါသည်။ သောကမီးကြီးကအောင်ထွန်းအား လောင်ကျွမ်းနေပြီဖြစ်ပါသည်။ မောင်အောင်ထွန်း၏ ခံစားချက်မည်မျှ ပြင်းထန်သည်ကိုစာဖွဲ့ရန်မလိုပါ။

သားကျွေးမှု၊ မယားကျွေးမှုများနှင့် ရတက်ပွေနေသည့်အထဲ တစ်ဘက်က လည်း ကာလသား သဘာဝအတိုင်းပင် ရွာထဲ၌ရှိသောကြက်ဝိုင်း၊ ဖဲဝိုင်းစသည့် အပျော်အရွှင်ဝိုင်းများတွင် မောင်အောင်ထွန်းနှင့် ၄င်း၏ အပေါင်းအသင်းများဖြစ် သော အေးမောင်၊ အောင်ရင်တို့မပါလျှင် ပွဲမစည်ပါ။

နှဲသမားကဲ့သို့ပင် မောင်အောင်ထွန်းတို့မှာ ပိန်လိုက်ဖေါင်းလိုက် နိုင်ချီ တစ်လှည့်၊ ရှုံးချီတစ်ခါဖြင့် လူးလွန့်နေရာ ကြံကြဖန်ကြပါတော့သည်။ သမ္မာအာဇီဝ တော့မဟုတ်။ ကြေးစားလူမိုက်အနေဖြင့်၊ ခုတ်ရ၊ ထစ်ရ၊ ပါးပါးလှီးရသည့် လုပ်ငန်း မျိုးစုံတို့ကိုစတင်ကျူးလွန်ပါတော့သည်။ ပြစ်မှုများအားကျူးလွန်ရန်အတွက် ပြင်ဆင် နေသည့်အချိန်တွင် မိမိဇနီးကမေးမြန်းလျှင် မောင်အောင်ထွန်းမှာ ကြွေးတောင်းရန် ကိစ္စဟုအကြောင်းပြလေ့ရှိ၏။ (မကောင်းမှုပြုရန်ဟုပြောလေ့မရှိပါ။) ကနဦး၌ ရွာသား များမရိပ်မိကြသော်လည်းရွာသူကြီးဦးကျော်ကတော့ရိပ်စားမိပါသည်။ တစေ့တစောင်း လေ့လာရင်းပင်အကဲခတ်ကြည့်နေလိုက်ရပါသည်။ မကောင်းမှုဟူသည် ဆိတ်ကွယ်ရာ မရှိဟုဆိုသော ဝေါဟာရအတိုင်းပင် ၄င်းတို့၏လုပ်ဆောင်ချက်များမှာ တစ်နေ့တခြား ပုလိပ်ဂါတ်တဲတွင် တိုင်ချက်များနေပါသည်။ ထို့ကြောင့် ပုလိပ်များကလည်း အမှုနှင့် ပတ်သက်သော အကြောင်းအရာများကို အသေးစိတ်လိုက်လံ လေ့လာပါသည်။ မောင်အောင်ထွန်းတို့အား စွဲချက်တင်နိုင်လောက်သော ခိုင်လုံသည့် အထောက် အထားများ တစ်စုံတစ်ရာ မတွေ့ရှိသောကြောင့် ၁၉၃၂ ခုနှစ်တွင် အောင်ထွန်းအား မှော်ဘီမြို့ရှိ ပုလိပ်ဂါတ်တဲမှ နာမည်ကြီးစာရင်း ဖွင့်လှစ်၍ ပုဒ်မ (၁၁၀)ဖြင့် အဖျောက်မြို့နယ် လှည်းကူးကျေးရွာသို့ နယ်ပြောင်းလိုက်ပါသည်။

ထိုသို့ နယ်ပြောင်းချိန်တွင် မောင်အောင်ထွန်း၌ ကလေးသုံးယောက်ရရှိ နေပြီဖြစ်ပါသည်။ ရွာတွင် ကျန်ရစ်ခဲ့သော မိသားစုများမှာ အောင်ထွန်းအတွက် မျက်ရည်နှင့်မျက်ခွက်ဆိုသလိုပင် ကျန်ရစ်ခဲ့ရှာပါသည်။

မောင်အောင်ထွန်းနှင့်လှည်းလမ်းကူးသူကြီးဦးဘိုးညွန့်

မောင်အောင်ထွန်း၏ စိတ်ဝယ်လေးလံနေပါသည်။ မိမိကြောင့် ဖြစ်ပေါ် လာခဲ့သော အခက်အခဲများကို မိမိသာမက ဇနီး၊ သားသမီးများပါမကျန် ခံရသည်ကို အောင်ထွန်းလုံးဝစိတ်မကောင်းပါ။ လှည်းလမ်းကူး ကျေးရွာ၌ သတ်မှတ်ပေးသည့် (၂)နှစ်တိတိ ကောင်းမွန်စွာ နေထိုင်ရပါမည်။ အောင်ထွန်းလှည်းလမ်းကူးရွာသို ့ ရောက်ရှိပါပြီ။ လှည်းလမ်းကူးရွာသူကြီး ဦးဘိုးညွန့်မှ ၄င်းအိမ်၌ပင် အောင်ထွန်းအား နေထိုင်စေပြီး ၄င်းပိုင်ဆိုင်သော ကျွဲ၊ နွားများအား ထိန်းကျောင်းစေရာ အောင်ထွန်းကလည်း မဆိုင်းမတွပင် ပေါ့ပါးစွာ လုပ်ဆောင်ပေးခဲ့ပါသည်။ ထို့အပြင် အိမ်တွင်းအလုပ်များဖြစ်သော ထင်းပေါက်ခြင်း၊ ရေခပ်ခြင်း၊ သူကြီးကတော်ဒေါ်အုံးပွင့်အတွက် ဈေးဝယ်ပေးခြင်းစသည့် အိမ်မှုကိစ္စ အဝဝကိုလည်းတိကျစွာပင်ဆောင်ရွက်ပေးသောကြောင့်မကြာမီမှာပင်အောင်ထွန်းအား ရွာသူကြီး ဦးဘိုးညွန့်မှ(၆)လသာ အပြစ်ဒဏ်ခံစေပြီး လူကောင်းအဖြစ် အသိအမှတ် ပြု၍မိမိအိမ်မှာပင်ဆက်လက်နေစေပါသည်။အားလပ်သောရက်များတွင်အောင်ထွန်းမှာ ၄င်းဝါသနာပါသော သီချင်းကြီး၊ သီချင်းခန့်များအား ညဉ့်ဦးပိုင်းတွင် ရွာမှလူငယ်များ နှင့် သီဆိုလေ့ရှိပါသည်။ လှည်းလမ်းကူးရွာ ရွာသားများမှာ အောင်ထွန်း သီဆိုသော သီချင်းကြီများအားလွန်စွာပင် သဘောကျနှစ်ခြိုက်သောကြောင့် ရွာရှိလူငယ်၊ လူကြီး များနှင့် အောင်ထွန်းမှာ သံယောဇဉ် ဖြစ်သွားကြပါသည်။

ကျွဲကျောင်းရန် တာဝန်ကျသော ဦးသာထွန်းနှင့် မောင်အောင်ထွန်းတို့မှာ နေဝင်ကာနီး နွားရိုင်းသွင်းချိန်တွင် (ချည်တိုင်ဟေ့ချည်တိုင်)ဟုလူဘာသာစကားဖြင့် အော်လိုက်ဟစ်လိုက်ရာ ကျွဲ၊ နွားများမှာ တိရစ္ဆာန်ပင် ဖြစ်သော်လည်း မောင်အောင်ထွန်းတို့၏ စကားကို နားလည်ပြီး ငြိမ်ငြိမ်သက်သက်ရပ်နေကြပါသည်။ ထိုအခါဦးသာထွန်းနှင့်မောင်အောင်ထွန်းတို့မှာမပင်ပန်းဘဲတိုင်ငုတ်တွင်ကြိုးချည်ကြ ရပါသည်။ တိရစ္ဆာန်များမှာ ညလုံးပေါက် မှက်၊ ခြင်၊ ယင်များ အကိုက်ခံကြရပြီး နံနက်မိုးလင်းမှသာ ကွင်းထဲသို့လွှတ်ကျောင်းခြင်းခံရပါသည်။ ထိုကဲ့သို့တိရစ္ဆာန်များ အား ရက်စက်စွာနှိပ်စက်ပြီး သင်တန်းပေးခဲ့ရသည့် ဝဋ်ကြွေးများအား နောက်ပိုင်း သံဝေဂရရှိ၍တရားအားထုတ်စဉ်မှက်ကိုက်၊ ခြင်ကိုက်စသည်ဖြင့် အတိုးရောအရင်းပါ ပေးဆပ်ခဲ့ရသည်။ မိမိဝတ်ထားသည့် ပိတ်ဖြူမှာ ဆေးဆိုးပန်းရိုက်အဝတ်ကဲ့သို့ အနီကွက်များပြည့်နှက်နေပါသည်။

မိမိဇာတိချက်ကြွေ နှောကုန်းကျေးရွာရှိ ရွာသူရွာသားများ ကျေနပ်သကဲ့သို့ လှည်းလမ်းကူး၊ ရွာသူကြီးမှအစတစ်ရွာလုံးကခင်မင်ကြပါသည်။ ရွာသူကြီးဦးဘိုးညွန့်က မောင်အောင်ထွန်းအား အပြစ်ဒဏ် (၂)နှစ်မပြည့်မီ မိမိ၏ နေရပ်နှောကုန်းရွာသို့ ပြန်ခွင့်ပြုလိုက်ပါသည်။

ဓါးပြကြီးအောင်ထွန်း

အဖျောက်မြို့မှ ခြေလျင်ပြန်လာသော မောင်အောင်ထွန်းမှာ အဝေးမှနေ၍ သစ်ပင်ကြီးငယ်များဖြင့် အုံ့ဆိုင်းနေသောနှောကုန်းကြီးသို့လှမ်းမြင်နေပြီ ဖြစ်ပါသည်။ ရွာ၌ရှိသောမိမိ၏ဇနီးနှင့်သားသမီးများမည်ကဲ့သို့နေထိုင်ကြမည်ကိုမောင်အောင်ထွန်း သိချင်နေပါသည်။ ထို့ကြောင့်ယခင်အိမ်မှ ထွက်လာစဉ်က နှင့်မတူ ခြေလှမ်းများမှာ ပို၍သွက်လက်လာပါသည်။ရွာသို့ရောက်လျှင်ရောက်ချင်းမောင်အောင်ထွန်း၏မိဘနှစ် ပါးနှင့်ညီအစ်ကိုမောင်နှမများမှာဝိုင်းအုံ၍ဆီးကြိုပါသည်။နီးစပ်ရာဆွေမျိုးသားချင်းများ မှာလည်း မောင်အောင်ထွန်းပြန်ရောက်ကြောင်း ကြားသိရသောကြောင့် ဝမ်းသာ၍ မဆုံးခင်မောင်အောင်ထွန်း၏ကံကြမ္မာကမျက်နှာသာမပေးပါ။

မောင်အောင်ထွန်းအိမ်သို့ ပြန်ရောက်ပြီး နှစ်ရက်သုံးရက် အကြာမှာပင် အဖျောက်ရဲဌာနမှ ဓါးပြမှုဖြင့် လာရောက်ဖမ်းဆီးပါတော့သည်။ အကြောင်းမှာ မောင်အောင်ထွန်းလည်းလမ်းကူးရွာမှမိမိဇာတိရွာသို့ပြန်လာစဉ်လမ်းတွင် ကျုံကလင်းအကူအညီတောင်းသဖြင့် မောင်အောင်ထွန်းက ပိတုံးပိတ်ရွာနေ ချစ်တီးလူမျိုး “ပေါ်ကက်”ဆိုသူ၏ အိမ်သို့ဌေး၊ ကုလားတို့နှင့်အတူ ဝင်ရောက်ဓါးပြတိုက်ခဲ့ ပါသည်။

၄င်းအမှုတွင် ကြံရာပါ ငဌေးနှင့်ကုလားတို့အား အဖျောက်ရဲဌာနမှ ဖမ်းဆီး ပြီးနောက်ဓါးပြတိုက်ရာ၌ရှေ့ဆုံးမှခေါင်းဆောင်ပြီး တိုက်ခိုက်ခဲ့သောမောင်အောင်ထွန်း အား အချိန်မီလာရောက်၍ ဖမ်းဆီးကြခြင်းဖြစ်ပါသည်။ ပြစ်မှုမှာ ထင်ရှားသော ကြောင့်ဟင်္သာတမြို့နယ်တရားစီရင်ရေးအဖွဲ့(၅)မှ (၇)လအကြာမျှ အသေးစိတ်စစ်ဆေး ပြီး မောင်အောင်ထွန်းအား ထောင်ဒဏ်(၇)နှစ် အပြစ်ပေးလိုက်ပါသည်။ တရားခံ ရှေ့နေဦးပီကေ့စိန်မှ လျှောက်လဲချက်ပေးသော်လည်း သက်သာခွင့်မရပါ။ ဟင်္သာတ တရားရုံး တွင် မောင်အောင်ထွန်း၏ ဓါးပြမှုအား တရားစီရင်ချက် ချမှတ်လိုက်သော အချိန်တွင် ဖခင်ဖြစ်သူဦးသော်တာမှ မိမိ၏သားကို မြင်တွေ့လိုဇောဖြင့် လိုက်လာနေ စဉ်တရားရုံးမှစာရေးငယ်၏ “အောင်ထွန်းဓါးပြမှုထောင်ဒဏ်(ရ)နှစ်ဟု” အော်လိုက် သည့် အသံကြားလိုက်ရာ ခေါင်းငိုက်စိုက်ကျသွားပါတော့သည်။

ထောင်တွင်းအတွေ့အကြုံများ (သို့မဟုတ်) ဘဝတက္ကသိုလ်သို့

အကျဉ်းသားဘဝ မောင်အောင်ထွန်းအား ထောင်အာဏာပိုင် အရာရှိများမှ တရားစီရင်ချက် ချမှတ်သော ဟင်္သာတထောင်၌ပင်လျှင် ခေတ္တ ထားရှိခဲ့ပါသည်။ နောက်ပိုင်းတွင် မောင်အောင်ထွန်းအားပုသိမ်ထောင်သို့ဆက်လက်ပို့အပ်၍ ၄င်းပုသိမ် ထောင်မှတစ်ဆင့် မုပ္ပလင်အကျဉ်းထောင်သို့ ပြောင်းရွှေ့ခြင်းခံရပြန်ပါသည်။ မုပ္ပလင် ထောင်တွင်လအနည်းငယ်ကြာမြင့်လာသောအခါထပ်မံ၍ မန္တလေးထောင်သို့ပို့အပ်ပြီး အကျဉ်းချထားခြင်းခံခဲ့ရသောကြောင့် မောင်အောင်ထွန်းမှာထောင်တွင်းအတွေ့အကြုံ များစွာ ရင့်ကျက် ခဲ့ရသည့်အလျောက် သံဝေဂများစွာလည်း ဖြစ်ခဲ့ရပါသည်။

ပုသိမ်ထောင်အတွင်း အကျဉ်းချထားခြင်းခံရစဉ် မောင်အောင်ထွန်းနှင့် အကျဉ်းသားအချို့မှာ တစ်နေ့လျှင် တာဝန်အရ မိမိကိုယ်တာနှင့် ဖျာ(၁၆)ချပ်ယက်၍ အပ်ပေးရပါသည်။အကျဉ်းထောင်များတွင်ထောင်ကျအကျဉ်းသားများအားလက်သမား ပညာ၊ ပန်းရံပညာ၊ စက်ချုပ်ပညာ၊ ဇာထိုးပန်းထိုးပညာ၊ ဆံပင်ညှပ်ပညာ စသည့် လူ့ဘဝတစ်လျှောက် လုပ်စား၍ ရမည့်ပညာများအား ထောင်တွင်းပညာတတ်သောလူခံများနှင့်အတူတွဲ၍ သင်ကြားပေးကြပါသည်။ အကြောင်းမျိုးစုံဖြင့် ရောက်ရှိလာ သော အကျဉ်းသားများအနေဖြင့် ထောင်မှလွတ်ရက်စေ့၍ အပြင်လောကသို့ ရောက် ရှိလျှင် အသက်မွေးဝမ်းကြောင်း ပညာတစ်ခုတော့ ရရှိ သွားကြပါသည်။ ထို့ကြောင့် ထောင်ကျအကျဉ်းသားများသည် အပြင်လောကသို့ ပြန်ရောက်လျှင် ထောင်တွင်း အတွေ့အကြုံများအား နီးစပ်ရာ မိတ်ဆွေများအား ပြောပြကြရာ၌ ရာဇဝတ်သား တို့အား အပြစ်ပေးရာအကျဉ်းထောင်အား ဘဝတက္ကသိုလ်ဟု တင်စားပြောဆိုခဲ့သည် ကို ဗဟုသုတကြားဘူးခဲ့ရပါသည်။ သဲအင်းဂူ ဆရာတော်ဘဝသို့ ရောက်သောအခါ ဖျာယက်တရားနှင့် ကျောက်ထုတရားများကို ဟောကြားခဲ့ပါသည်။

ပုသိမ်ထောင်ကြီးချုပ် ဘူးဝတွင် မောင်အောင်ထွန်းနှင့် အကျဉ်းသားများမှာ သံခြေကျင်း ကိုယ်စီဖြင့် ပုံစံထိုင်နေရပါသည်။ ထောင်ဝါဒါများမှ မောင်အောင်ထွန်း နှင့် အကျဉ်းသားများအား တစ်ဦးစီ လိုက်လံစစ်ဆေး၍ နာမည်တစ်ဦးစီခေါ်ပြီး အသင့်စောင့်နေသော အချုပ်ကားကြီးများပေါ်သို့ ရဲအစောင့် အကြပ်များနှင့်အတူ တင်ဆောင်ပြီး မုပ္ပလင်ရဲစခန်းသို့ ဆက်လက်ပို့အပ်လိုက်ပါသည်။

မုပ္ပလင်အကျဉ်းစခန်းတွင်အပြင်ထုတ်၍ အကျဉ်းသားတစ်ဦးလျှင် ရှစ်ကျင်း ကျကျောက်ထု ရပါသည်။ အပေါ်ပူ၊ အောက်ပူဖြင့် နေပူကြဲကြဲ ကျောက်ထုရသည့် ဒဏ်နှင့် သံခြေကျင်းခတ် ထားသောကြောင့် သံ၏ ပွတ်တိုက်မှု ဒဏ်များသည် မောင်အောင်ထွန်း၏-ဘဝတစ်သက်တာတွင်မေ့မရနိုင်သောသံဝေဂဉာဏ်များ ဖြစ်ပေါ် စေခဲ့ပါသည်။ မုပ္ပလင်ထောင်တွင် အလုပ်ကြမ်းများကို ပင်ပမ်းကြီးစွာ လုပ်ကိုင်နေ ရသောအချိန်တွင် ဒုတိယကမ္ဘာစစ်မီးကြီး စတင်လောင်ကျွမ်းလာပါသည်။ အာဏာပိုင် များမှမောင်အောင်ထွန်းနှင့်တကွ ထောင်ကျအကျဉ်းသားများအား မန္တလေးအကျဉ်း တောင်သို့ ပြောင်းရွှေ့လိုက်ပါသည်။ ထိုအချိန်တွင် မန္တလေးအကျဉ်းထောင်တွင် နိုင်ငံရေးအခြေအနေအရ မန္တလေးရဟန်းပျိုသမဂ္ဂအဖွဲ့ဝင်များ၊ ဒို့ဗမာ သခင်များ၊ ဆရာစံတော်လှန်ရေး တပ်သားများ၊ ရေနံမြေအလုပ်သမားများ၊ ကျောင်းသားလူငယ် များ နှင့်သူခိုး၊ ဓါးပြများစသည်ဖြင့် အနယ်နယ် အရပ်ရပ်မှ ပြောင်းရွှေ့လာသူများ အစုံပင်ရှိပါသည်။ . ထိုအချိန်တွင် မန္တလေးထောင်ပိုင်ကြီးသည် ယနေ့ယောဂီ . ဒေါ်တင်တင်စိန် (ကမ္ဘာလှည့်)၏ ဖခင် MR. SKINNAR ဖြစ်ပါသည်။

၁၉၃၀ ခုနှစ်မှ ၁၉၄ဝ ပြည့်နှစ်အထိ (၁၀)နှစ်အတွင်း မြန်မာပြည်၏ အခြေအနေမှာလည်း လှည်းနေလှေအောင်း မြင်းဇောင်းမကျန် နိုင်ငံရေးလှုပ်ရှားမှုနိုးကြားတက်ကြွသောအခါသမယဖြစ်၍ထောင်တွင်းထောင်ပြင်အဆက်အသွယ်ရှိနေပါ သည်။ ထိုအခါမျိုးတွင် မောင်အောင်ထွန်းမှာ ထောင်အတွင်းဘုတ်ကိုင်အဆင့် ရရှိ၍ ပုသိမ်ထောင်အတွင်း၌သိကျွမ်းရင်းနှီးခဲ့သော အကျဉ်းသားချစ်မောင်မှာလည်း ထမင်း စားတန်းစီအဆင့်သို့ထောင်အာဏာပိုင်များကတာဝန်ပေးအပ်ထားပါသည်။ထောင်တွင်းဘုတ်ကိုင်အဆင့်၊ထမင်းစားတန်းစီအဆင့်ရရှိသော ထောင်သားများအနေဖြင့် သာမန် အကျဉ်းသားများကဲ့သို့မဟုတ်ပေ။သာမန်အကျဉ်းသားများအပေါ်၌ အခြေအနေပေါ်မူ တည်၍ လုပ်ပိုင်ခွင့်အာဏာများရှိပါသည်။ သို့သော်ထိုကဲ့သို့အခွင့်အရေးများရစေကာ မူ မောင်အောင်ထွန်းနှင့် မောင်ချစ်မောင်တို့သည် ဘဝတူအကျဉ်းသားများအပေါ်၌ သနားညှာတာကြသည်။ ... ဆရာစံတောင်သူလယ်သမား တော်လှန်ရေးတပ်သားများ နှင့် ရင်းနှီးခင်မင်ခဲ့ပါသည်။ ၄င်းတို့မှ မောင်အောင်ထွန်းအား သူတို့ တတ်ကျွမ်းသော ဗေဒင်၊ လက်ဖွဲ့၊ အင်းအိုင်၊ ဆေးပညာများကို ဆရာစားမချန် သင်ကြားပေးသော ကြောင့် ဆေးဆရာဦးသော်တာ၏သား မောင်အောင်ထွန်းမှာဘဝ ရှေ့ရေးအတွက် အားတက်ခဲ့ပါသည်။

ကမ္ဘာစစ်မီးကြီးမှာလည်း အရှိန်ကောင်းစွာ တဟုန်းဟုန်း တောက်လောင် လာသောအခါ မြန်မာနိုင်ငံ သို့ဂျပန်စစ်သားများ အများအပြား ဝင်ရောက်လာသော ကြောင့် အုပ်ချုပ်ရေးယန္တရားများ ပျက်စီးသွားပြီး ထောင်အာဏာပိုင်များက အကျဉ်း သားများအား(၇)ယောက်တစ်တွဲစီ၊ လမ်းစရိတ် (၁၅)ကျပ်ပါ ထုတ်ပေး၍ ပြန်လွှတ် လိုက်ပါသည်။ မောင်အောင်ထွန်းမှာ ထောင်အတွင်းနေစဉ် ရရှိသော ဆေးကျမ်းအား ဦးတည်၍ထွက်ပြေးလာခဲ့ပါသည်။ ရှေ့ဆုံးမှ လွှတ်လိုက်သော အကျဉ်းသားများလည်း လွယ်အိတ်တစ်လုံး ဖြင့်ထည့်ကာ အဖော်ခြောက်ယောက်နှင့်အတူ စစ်ဘေးကင်းရာသို့ သူ့အုပ်စုနှင့်သူ သွားနှင့်ကြပြီဖြစ်ပါသည်။

သေကံမရောက်သက်မပျောက်

အချိန်အတော်ကြာသည့်တိုင်အောင်ပင် ရှေ့နောက်သွားလာလှုပ်ရှားနေသည့် ထောင်သားများအုပ်စုချင်း မကွဲသေးပါ။ ခပ်သုတ်သုတ်လျှောက်လှမ်းနေသောအကျဉ်း သားများအား အဝေးမှလှမ်းကြည့် မည်ဆိုလျှင် လုပ်အားပေးသွားနေကြသူများဟုပင် ထင်ရလောက်ပေသည်။ ထိုအချိန်တွင် ခြေလှမ်းကြဲကြဲဖြင့် လျှောက်လှမ်း သွားသော မောင်အောင်ထွန်း၏ဖိနပ်မှာ သဲကြိုးပြတ်သွားသောကြောင့် ခေတ္တထိုင်၍ ပြင်နေစဉ် ရုတ်တရက်သေနတ်သံများဆူညံစွာပေါ်ထွက်လာပြီး မောင်အောင်ထွန်းရှေ့မှဖြတ်သန်း သွားသော ထောင်သားငါးယောက်၊ ခြောက်ယောက်ခန့် အတုံးအရုံး လဲကျသွား ပါသည်။

မောင်အောင်ထွန်းမှာ ဘာလုပ်ရမှန်းမသိ။ ကျည်လွတ်ရာသို့ပြေးရင်းဒဏ်ရာ များဖြင့် လဲကျနေ သောဘဝတူအကျဉ်းသားများ၏ ရုပ်အလောင်းများအား မျက်စိထဲ တွင် စွဲနေပါသည်။ သေနတ်သံများ စဲသွားသောအခါ ပြေးလွှားနေသော ထောင်သား များမှာ လူစုကွဲသွားကြပြီ ဖြစ်ပါသည်။ လမ်းတွင်စစ်ပြေး ဒုက္ခသည် မိတ္ထီလာမှ ဦးလှမောင်မိသားစုများနှင့် မောင်အောင်ထွန်းမှာ ရင်းနှီးခင်မင်သွားသောကြောင့် မောင်အောင်ထွန်းအား ၄င်းတို့နှင့်အတူ စစ်ဘေးကင်းရာသို့ လိုက်ပါရန် ခေါ်ဆောင် သွားပါသည်။ ကျန်ခြောက်ယောက်မှာ ဆက်လက်ထွက်ခွာသွားပါသည်။နောက်ပိုင်းတွင် ဦးအောင်ထွန်းနှင့်လိုက်ပါသော အကျဉ်းသားခြောက်ယောက်အား မြစ်ငယ်တံတားသို့ အရောက်တွင် အရပ်သားများမှ ၄င်းတို့အား သင်္ကာမကင်းဖြစ်၍ ဖမ်းဆီး ကြပြီး လက်ပြန်ကြိုးတုတ်ကာ သတ်ပစ်လိုက်ကြောင်းနှင့် ၄င်းတို့၏အလောင်းများအား မြစ်အတွင်းသို့ မျှောလိုက်ကြောင်း ကြားသိရသောအခါ မောင်အောင်ထွန်းများစွာ တုန်လှုပ်သွားပါသည်။

သေကံမရောက်သက်မပျောက်ဆိုသည့် စကားပုံကဲ့သို့ မောင်အောင်ထွန်းမှာ ဦးလှမောင်မိသားစုများနှင့် စစ်ဘေးငြိမ်သက်စပြုသည့်အချိန်အထိ အတူနေထိုင်ခဲ့ ရပါသည်။ ထို့နောက် ဦးလှမောင်မှ၄င်းတို့နေထိုင်ခဲ့သော မိတ္ထီလာမြို့သို့ ခေါ်ဆောင် သွားကြပြီး မောင်အောင်ထွန်းအား ယခင်မြေမြှုပ်ထားသည့် ပစ္စည်း များအား ရှာဖွေစေပါသည်။ ကိစ္စပြီးဆုံးသည့်အခါ၌ မောင်အောင်ထွန်းအား အပြန်လမ်းစရိတ် ငွေ(၂၀၀)ကျပ်ပေးလိုက်ပါသည်။ အပြန်ခရီးတွင်ပျော်ဘွယ်၌ခေတ္တဆင်း၍ ကျေးဇူးရှင် မိခင်၊ ဖခင်ကြီးအတွက် ဆိတ်သားခြောက် နှင့် မုန့်ကြွပ်များကို ဝယ်ယူပြီး ရွှင်မြူး စွာဖြင့် ဘဝရှေ့ရေးစဉ်းစားရင်းပင် ရွာသို့ပြန်လာခဲ့ပါသည်။ ရွာသို့ ပြန်ရောက်လျှင် ဇနီးနှင့်သားမယားအား မိဘရိုးရာမြန်မာ့ဆေးပညာဖြင့် လုပ်ကျွေးပြုစုမည်။ မိဘများ အားလည်း အိမ်ဦးခန်းတွင် တင်ထားနိုင်တော့မည်။ လက်ထဲတွင် အသင့်ရှိနေသော ဆေးကျမ်းဖြင့် လက်တွေ့ကုသလျှင် မုဆိုးစိုင်သင် ဆိုသကဲ့သို့ပင် မကြာမီအဆင်ပြေ နိုင်စရာရှိသည့် အိမ်ထောင်ရေး ဘဝတစ်ခုအား လေးနက်စွာစဉ်းစားရင်း ဇာတိရွာသို့ ပြန်ဝင်လာခဲ့ပါသည်။

အိမ်အပြန်ရင်ဆို့ရပြီ

မိမိဇာတိ နှောကုန်းရွာသို့အဝင် အင်းတံတားအကျော်တွင် တစ်ရွာလုံးမှ မောင်အောင်ထွန်းပြန်လာကြောင်း သိရှိသွားပြီးနောက် မိခင်ဒေါ်မယ်အံ့နှင့် မိသားစု များရွာသစ်ကုန်းသို့ထွက်ကြိုရန် ပြင်ဆင်နေချိန်မှာပင် မောင်အောင်ထွန်းမှာအိမ်ပေါ် သို့ရောက်ရှိနေပြီဖြစ်ပါသည်။ မိခင်ဒေါ်မယ်အံ့မှာ မိမိ၏သား မောင်အောင်ထွန်းအား ကြည့်ကာဝမ်းသာဝမ်းနည်းဖြင့် မျက်ရည်များစီးဆင်းလာပြီး “ဟဲ့၏၏ အောင်ထွန်းရဲ့ နင့်အဖေမရှိတော့ဘူး။ မဖွားညွန့်လဲ ကလေးသုံးယောက်နဲ့ အိမ်ပေါ်ကဆင်းသွားပြီ” ဟု ပြောဆိုကာ ရှိုက်ကြီး တငင်ငိုပါတော့သည်။ မောင်အောင်ထွန်းမှာ ဘာလုပ်ရမှန်း မသိ ငိုင်တွေရင်း မျက်ရည်များကျလာပါသည်။ အနီးအနားမှ ဝိုင်းအုံလာကြသော ရွာသားများမှာလည်း မောင်အောင်ထွန်းအား ကြည့်လိုက် ဒေါ်မယ်အံ့ အားကြည့် လိုက်နှင့်ပင် စိတ်မကောင်း ဖြစ်နေကြပါသည်။

မောင်အောင်ထွန်း၏ ရည်မှန်းချက်များလွင့်ပျောက်သွားပါသည်။ ငယ်ကချစ် အနှစ်တစ်ရာ မနိုင်သောချစ်ဇနီးနှင့် သားသမီးငယ်များမှတစ်ပါး ဟင်္သာတတွင် အမှုဆိုင်နေစဉ် တောင်ဝှေးတစ်ချောင်းဖြင့် ရှိသည့် ခွန်အားနှင့် အနိုင်နိုင်အားယူကာ အကြိမ်ကြိမ်လာရောက်ခဲ့သော ဖခင်ကြီး၏မျက်နှာ၊ ဘယ်တော့မှပြန်ဆုံနိုင်တော့မည် မဟုတ်ဟူသော အသိက မောင်အောင်ထွန်း၏ နှလုံးသားအား ဆို့နစ်စေခဲ့ပါသည်။ မောင်အောင်ထွန်း ဘာမှမြင်နိုင်စွမ်းမရှိတော့ပါ။ တစ်နေ ့နံနက်စောစော လင်းအားကြီးအချိန်တွင်ကတုံးဆံတောက်၊ ဘဲမြီးဆံပင်နှင့်ဘောင်းဘီရှည်ကို ဝတ်ဆင် ထားပြီးကက်ဦးထုပ်ကိုကျနစွာဆောင်း၍ လွယ်အိတ်ကိုဘေးလွယ်ကာ ခပ်သုတ်သုတ် လျှောက်သွားသူ တစ်ယောက်အား လမ်းသွားလမ်းလာများမှ မြင်လိုက်ကြပါသည်။ သို့သော် မည်သူမည်ဝါရယ်ဟူ၍ သဲကွဲစွာ မသိကြချေ။ မောင်အောင်ထွန်း ဒုစရိုက် နယ်ထဲသို့ သက်ဆင်းပါပြီ။

ရန်ကုန်မြို့၊ ကြည့်မြင်တိုင်တွင်နေထိုင်သော မောင်ချစ်မောင် (ယခင်ပုသိမ် ထောင်တွင်သိကျွမ်းရင်းနှီးခဲ့သူမှာ) ရုတ်တရက်ဝင်ရောက်လာသော မောင်အောင်ထွန်း အား သိပ်မမှတ်မိပါ။ အနားကပ်၍ သေချာစွာ ကြည့်လိုက်မှသာ မောင်အောင်ထွန်း မှန်းသိရှိသောကြောင့် ဝမ်းသာစွာပင် ဧည့်ခံကျွေးမွေးပြုစုရင်း ရှေးဟောင်းနှောင်းဖြစ် များကိုအားရပါးရပြောဆိုခါ၄င်း၏အိမ်တွင်တည်းခိုနေထိုင်စေခဲ့ပါသည်။ ထိုအချိန်တွင်မောင်အောင်ထွန်းမှာ အသက်(၂၈)နှစ်ပင် မပြည့်တတ်သေးပါ။ မောင်ချစ်မောင် ဆက်သွယ်ပေးမှုများဖြင့်ရန်ကုန် မှာပင် သတ္တိ၊ ဗျတ္တိကောင်း၍ ကြံရည်ဖန်ရည်နှင့် ပြည့်စုံသောဘအေးဆိုသူနှင့် မြွေမြွေချင်းခြေမြင်ဆိုသည့် စကားအတိုင်း ရင်းနှီးခင်မင် ခဲ့ရပြန်သည်။ ၄င်းတို့နှင့် ရင်းနှီးခင်မင်စွာ ပေါင်းသင်းဆက်ဆံ နေသည့်အလျှောက် အလုပ်သဘောများပါ စိတ်တူကိုယ်တူလုပ်ဆောင်ကြပြီး မောင်အောင်ထွန်း၏အမည် မှာ လည်းရန်ကုန်ဒုစရိုက်နယ် မြေတွင် တစ်စစဖြင့် လူသိများလာခဲ့ပါသည်။

၁။ ဦးအောင်ထွန်း ဖခင်ကြီးမှာ မိမိအကျဉ်းခံနေစဉ်က သေဆုံးသွား ပါသည်။
၂။ မိခင်ကြီးမှာ တစ်နေ့တစ်ခြား ဇရာထောင်းလာပါပြီ။
၃။ ဇနီးနှင့် သားငယ်သမီးငယ်များမှာ မိမိနှင့် ရှင်ကွဲကွဲသွားကြရပါပြီ။
၄။ ဤကဲ့သို့စိတ်သောကရောက်နေစဉ် ရေများရေနိုင် မီးများမီးနိုင် ဆိုသကဲ့သို အဝိဇ္ဇာစိတ်က နိုင်သွားပါသည်။

အမှောင်လောကအတွင်း အပေါင်းအသင်းများနှင့် ၁၉၃၉/၄၀ နှစ်မှ ၁၉၅၉ ခုနှစ်အထိ ရာဇ၀င်လူဆိုးကြီးဘဝဖြင့် အသက်ရှင်နေခဲ့သောကြောင့် ၄င်းတို့ကျက်စား ရာနယ်အတွင်းပြည်သူလူထုအဖို့ အကြီးအကျယ် ဒုက္ခရောက်ခဲ့ကြရပါသည်။ သောင်း ကျန်းသူများ၏ အသက်အန္တရာယ်နှင့်သူခိုးဓါးပြတို့၏ ရန်စွယ် အကြား ပြားပြားဝပ် နေခဲ့ကြရသည့်ခေတ်ဖြစ်ပါသည်။

ခေတ်ပျက်သူဌေး

ဂျပန်ခေတ်တွင် လက်ဖျား ငွေသီးနေသောသူများ များစွာရှိသည့်အနက် ဦးအောင်ထွန်းလည်းတစ်ဦးအပါအဝင်ဖြစ်ပါသည်။ ငွေရှာပုံနည်းများမှာတောများလွန်း ပါသည်။သို့သော်သမာအာဇီဝဖြင့်ရှာခြင်းမဟုတ်သည်ကတောသေချာပါသည်။ ဘယ်လို နည်းဖြင့်ရှာရှာ ဦးအောင်ထွန်း အနေဖြင့်လက်ထဲတွင် ငွေရှိနေဘို့ကအရေးကြီးသည်။ မည်သည့်ကိစ္စမျိုးမဆို ငွေရှိမှသာလျှင်အရာရာ အဆင်ပြေချောမွေ့နိုင်သော ကြီးတွင်လက်ထဲတွင် ငွေများများထားရှိနေသည်မှာ အဆန်းတော့မဟုတ်ပါ။ ထိုကဲ့သို့ အချိန်မျိုး ဦးအောင်ထွန်း အနေဖြင့် ဒုတိယအကြိမ် နှောကုန်းသူ မကျင်စိန်နှင့် အိမ်ထောင်ပြုလိုက်ပါသည်။ထိုကဲ့သို့နောက်အိမ်ထောင်ထပ်မံပြုသော်လည်း၄င်းဇနီးနှင့် ကလေးတစ်ယောက်မှာ မကြာမီပင် ဆုံးပါးသွားခဲ့ပါသည်။ ‌သေကွဲကွဲရပြန်ပါပြီ။

ထိုခေတ်တွင် လူတိုင်းကြောက်နေရသော ဂျပန်စကားပြန်၊ ဌာနာပိုင်၊ အစရှိသည်ကိုလည်း ဦးအောင်ထွန်းအနေဖြင့် ထိုက်သင့်သလို ပေါင်းသင်းဆက်ဆံ ထားသောကြောင့် ဦးအောင်ထွန်းနှင့် အဖွဲ့မှာမည် သည့်ကိစ္စမျိုးလုပ်ခဲ့ပါစေ၊ အစစ အရာရာပြီးစီးပြီးသားဖြစ်နေပါသည်။ မည်သို့သော ပြဿနာမှ မဖြစ်ခဲ့ပါ။ ဘာသာရေး ဘက်တွင်လည်း၊ ဦးအောင်ထွန်းအနေဖြင့်ရက်ရောစွာလှူဒါန်းလေ့ရှိပါသည်။ မိမိရပ်ရွာ သာယာရေးအတွက် ကျောင်းပြုပြင်ရန် ဆရာတော်မှ မှာကြားသည့်အခါ လိုအပ် သလောက်ငွေအားကျောင်းသို့သွားရောက်လှူဒါန်းတတ်ပါသည်။အချိန်တန်၍ ဘုန်းတော် ကြီးကျောင်း ပြုပြင်ပြီးစီးသောအခါ ဘုန်းတော်ကြီးမှ ဦးအောင်ထွန်း အားခေါ်၍ ရေစက်ချရန် အကြောင်းကြားရာ၌ ဦးအောင်ထွန်းအနေဖြင့် ရွာရှိဘုန်းတော်ကြီးအား တပည့်တော် ပြတ်ပြီးသားပါဘုရားဟု လျှောက်ထားလေ့ရှိပါသည်။

ငွေကိုထိုကဲ့သို့ရက်ရောစွာသုံးစွဲနေသော ဦးအောင်ထွန်းအနေဖြင့်ဒုတိယဇနီး နှင့် ကလေးငယ်ဆုံးပါးပြီး လူဆိုးဘဝသွားလာလှုပ်ရှားရင်းမှ နှောကုန်းရွာအနီးရှိ စွယ်တော်ကုန်းမှကရင်အမျိုးသမီးဒေါ်စီ (ယခုဒေါ်ပုညဝတီအမည်ဖြင့်သီလရှင်ဝတ်နေ လျှက်ရှိပြီး သက်ရှိထင်ရှားရှိပါသေးသည်) အား ထပ်မံလက်ထပ်ပေါင်းသင်းရာမှ နောက်ဆုံး ရန်ကုန်မြို့ ကမာရွတ်နေ ဒေါ်သန်းရှိန်အား ပေါင်းသင်းဆက်ဆံခဲ့ပါသည်။

ပစ္ဆိမဘဝိကသား (သို့မဟုတ်)သံသရာ၏ နောက်ဆုံးဘဝ

လူသားတစ်ဦးတစ်ယောက် လောကကြီးထဲသို့ ဝင်ရောက်လာပြီး နောက် မြတ်စွာဘုရား ဟောကြားတော်မူအပ်သော သေခြင်းလေးမျိုးထဲမှ တစ်ပါးပါးသော သေခြင်းမျိုးဖြင့်သာ မုချသေရမည်သာဖြစ်ပေသည်။ ထိုသေခြင်းလေးမျိုးမှာ-အသက် တမ်းစေ့၍သေရခြင်း၊ ကံအကြောင်းတရားများ ကုန်ဆုံး၍ သေရခြင်း၊ ရောဂါကပ် ရောက်သောကြောင့် သေရခြင်း၊ သူတစ်ပါး၏ ပယောဂကြောင့် သေရခြင်းဟူ၍ ဖြစ်ပါသည်။

ထိုသေခြင်းဟုလေးမျိုးကို ဦးအောင်ထွန်းတွင် သူတစ်ပါးကြောင့် သေရခြင်း ဟူသော အကြောင်းတရား မပါရှိခဲ့ဟုယူဆပါသည်။ အဘယ့်ကြောင့်ဆိုသော် ဦးအောင်ထွန်းမှာ ငယ်စဉ်ဘဝမှစ၍ တရားထူး၊ တရားမြတ်များ ရသည့်တိုင်အောင်အသက်ဘေးအန္တရာယ်အမျိုးမျိုး ကြုံတွေ့ခဲ့ရပါသည်။ ထိုကိစ္စနှင့် ပတ်သက်၍ ဦးအောင်ထွန်းနှင့်ပတ်သက်သော မိတ်ဆွေများပြောကြားချက်အရသော်လည်းကောင်း၊ ဦးအောင်ထွန်းဘဝမှသဲအင်းဂူဆရာတော်ကြီးဘဝသို့ရောက်ရှိစဉ် ကိုယ်တိုင်ဟောကြား ခဲ့သော တရားခွေများမှလည်းကောင်း မှတ်သားသိရှိရ၍ တင်ပြသွားမည်ဖြစ်ပါသည်။

(၁) ဦးအောင်ထွန်းအား မန္တလေးထောင်တွင် အကျဉ်းချထားခြင်း ခံရစဉ်သက်ဆိုင်ရာအာဏာပိုင်များမှခေတ်ကာလအခြေအနေအရအကျဉ်းသားများအား ခုနှစ်ယောက်တစ်တွဲလွှတ်ပေးလိုက်ရာတွင် ဦးအောင်ထွန်းနှင့်အတွဲမှာ စစ်ဘေးဒဏ် ကြောင့် ပြေးရင်းလွှားရင်းနှင့်ပင် စီးလာသောဖိနပ်မှာ ပြတ်သွားသောကြောင့် ခေတ္တထိုင်ချလိုက်စဉ်ပင် အနောက်ဖက်မှ တရုတ်စစ်သားများ . ပစ်လိုက်သော ကျည်ဆံများက ဦးအောင်ထွန်းခေါင်းပေါ်မှ ကျော်ဖြတ်၍ ရှေ့မှပြေးလွှားနေသော အကျဉ်းသားများမှာသေနတ်ကျည်ဆံထိမှန် သေဆုံးကုန်သော်လည်းဦးအောင်ထွန်းမှာ လွတ်မြောက်ခဲ့ပါသည်။

(၂) ထိုသို့လွတ်မြောက်ခဲ့သော်လည်း ဦးအောင်ထွန်းနှင့် အဖွဲ့ဝင် (၇) ယောက်အနက်(၆)ယောက်မှာမြစ်ငယ်သို ့ ရောက်သောအခါ သူတစ်ပါး၏ သတ်ဖြတ်မှု ကြောင့် သေဆုံးကုန်ကြပြီး ဦးအောင်ထွန်းတစ် ယောက်တည်းသာ (မိတ္ထီလာ) ဦးလှမောင်နှင့် ကျန်ရစ်ခဲ့သောကြောင့် သေဘေးမှ လွတ်မြောက်ခဲ့ခြင်း။

(၃) ဦးအောင်ထွန်းထောင်မှလွတ်မြောက်၍ နှောကုန်းကျေးရွာသို့ ပြန် ရောက်စဉ်သူကြီးဦးထော်ကံနှင့် ဦးအောင်ထွန်းတို့မှာတစ်ရွာတည်းသား ဖြစ်သော်ငြား လည်းအဆင်မပြေပါ။ကိစ္စအမျိုးမျိုးဖြင့် တစ်ဦးနှင့်တစ်ဦးအလစ်ချောင်း၍ အပြတ်ရှင်း ရန်သာ ကြံစည်နေကြသော သူများဖြစ်ပါသည်။ ထိုကိစ္စ အကြောင်းအရာကို သိသော မှော်ဘီမြို့၊ ရွှေမော်တင်ဘုရားလမ်းနေ ဦးရွှေဝကိုယ်တိုင် နှစ်ဦးနှစ်ဘက် အဆင်ပြေ စေရန်အတွက်ဝင်ရောက်စေ့စပ်ညှိနှိုင်းပေးရာ နှစ်ဦးစလုံးနားလည်သဘောပေါက်သွား သောကြောင့် နှစ်ဦးနှစ်ဘက် အသက်အန္တရာယ် အချိန်မရွေးကျရောက်နိုင်သော အခြေအနေမှ လွတ်မြောက်သွားကြပါသည်။

သံဝေဂတရားရရှိခြင်းနှင့် တရားအားထုတ်ခြင်း

ဒုစရိုက်လုပ်ငန်းများကို ဦးအောင်ထွန်းအနေဖြင့် လုပ်နေစေကာမူ စွန်းလွန်းဆရာတော်၏ထေရုပ္ပတ္တိအား ဖတ်ရှု့ပြီးနောက် စွန်းလွန်းဆရာတော်ကဲ့သို့ ကျင့်ကြံလိုသောစိတ်ကလွှမ်းမိုးနေပါသည်။ သို့ရာတွင် ဦးအောင်ထွန်းမှာ ဇနီးသည် နှစ်ယောက်နှင့်မိသားစုများ စားဝတ်နေ ....

ရဟန်းဝတ်ခြင်းနှင့် နောက်ဆုံးလက်ကျန်ဘဝ

ဤသို့ဖြင့်တရားပြဆရာဦးစုရနှင့်ဦးရွှေဝတို့မိသားစုမှ ဦးအောင်ထွန်း၏ မယ်တော်ကြီးဒေါ်အံ့နှင့် ညီဖြစ်သူဦးထွန်းညွန့်တို့အား ဦးအောင်ထွန်း၏ ရဟန်းခံကိစ္စများ၊ ကောင်းမွန်စွာ သာသနာ့ဘောင်သို့ ချီးမြှောက်နိုင်ရေး ကြိုတင်တိုင်ပင်ညှိနှိုင်းကြရာ ၎င်းသတင်းအားကြားသိရသောတစ်ရွာလုံးမှရွာသားများမှလည်း အားရဝမ်းသာစွာဖြင့် အလိုအလျှောက်သဒ္ဓါပေါက်၍ လာရောက်အားပေးကူညီကြပါသည်။